မိခင်ရဲ့ သားအိမ်အတွင်းမှာ ရှိနေစဉ်မှာ ကလေးငယ်ရဲ့ ကျောရိုး ခွဲစိတ်မှု အောင်မြင်


Spina Bifida လို့ ခေါ်တဲ့ ကျောရိုးဆိုင်ရာ မူမမှန်မှုအတွက် မိခင်ရဲ့ သားအိမ်အတွင်းမှာ ရှိနေစဉ်မှာ ကလေးငယ်ရဲ့ ကျောရိုးကို ခွဲစိတ်မှု နှစ်ခု အောင်မြင်ခဲ့ပါတယ်။ ဒါဟာ ဗြိတိန်မှာ ပထမဆုံး ခွဲစိတ်မှု ဖြစ်ပါတယ်။ အရင်တုန်းကတော့ ကလေး မွေးပြီးမှသာ ခွဲစိတ်မှု ပြုလုပ်ကြရတာ ဖြစ်ပါတယ်။


ဆေးပညာရှင် ၃၀ ပါတဲ့အဖွဲ့ဟာ လန်ဒန်ရှိ University College Hospital မှာ မိနစ် ၉၀ ကြာ ခွဲစိတ်မှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုဟာ ကလေးအတွက် သာမက မိခင်အတွက်ပါ အန္တရာယ် ရှိပါတယ်။ ဒီလို ခွဲစိတ်မှုမျိုးကို အမေရိကန်နဲ့ သြစတြေးလျမှာ အရင်ကတည်းက ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ဗြိတိန်မှာတော့ နောက်ကျနေတာပါ။

Spina Bifida ဟာ ကျောရိုး အရိုးငြမ်းနဲ့ အမြှေးပါးများ မဖွံ့ဖြိုးတဲ့ အတွက် ကျောရိုးဟာ အနောက်ဘက်ကို ကိုင်းညွှတ်တဲ့ ဝေဒနာ ဖြစ်ပါတယ်။ ဗြိတိန်မှာ ကလေး ၁၀၀၀ မှာ ၁ ယောက်ဟာ ဒီဝေဒနာ ပါလာပါတယ်။ ဒါဟာ မျိုးရိုးဗီဇနဲ့ သက်ဆိုင်မယ်လို့ ထင်ရပြီး ဖောလစ် အက်ဆစ် သောက်သုံးမှု နည်းပါးခြင်းကြောင့်လည်း ဖြစ်ပါတယ်။

မိခင်ရဲ့ သားအိမ်အတွင်းမှာ ရှိစဉ်ကပင် ကျောရိုး ခွဲစိတ်ခဲ့ရတဲ့ ကလေးများဟာ အခုဆိုရင် လူလားမြောက်တဲ့ အရွယ်ရောက်နေသူများတောင် ရှိနေပါပြီ။

Ref : sciencealert

ထိုင်းရောက်မြန်မာလုပ်သားများကို လုံခြုံရေး အကြောင်းပြပြီး ထိုင်းရဲဆက်လက်ဖမ်းဆီး၊ ဧည့်စာရင်းအကြောင်းပြ၍ ဒဏ်ငွေရိုက်


ထိုင်းရောက်မြန်မာလုပ် သားများကို လုံခြုံရေးစီမံချက်အ ကြောင်းပြကာ ထိုင်းရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးဖမ်းဆီးနေပြီး ဧည့်စာရင်းမတိုင်သူများကို ဒဏ် ငွေရိုက်ကြောင်း ထိုင်းရောက် မြန်မာလုပ်သားများအရေးကူညီ ပေးနေသော မြန်မာအဖွဲ့အစည်း များက ပြောသည်။
ထိုင်းအစိုးရသည် အမျိုး သားလုံခြုံရေးစီမံချက်အရဟုဆို ကာ စာရွက်စာတမ်းအထောက် အထားပြည့်စုံသော မြန်မာလုပ် သားများအပါအဝင် မြန်မာလုပ် သားအားလုံးကို စုရုံး၍ ရာဇဝတ် သားပုံစံဖြင့် စစ်ဆေးနေကြောင်း မြန်မာအဖွဲ့အစည်းများက ပြော သည်။
ထို့အပြင် ထိုင်းဥပဒေအရ ဧည့်စာရင်းမတိုင်သော မြန်မာ လုပ်သားများကို ဒဏ်ငွေဘတ် နှစ်ထောင်(ကျပ်တစ်သိန်းခန့်) မှ ဘတ်တစ်သိန်း(ကျပ်ငါးသိန်းခန့်)အထိ ဒဏ်ငွေရိုက်နေကြောင်း မြန်မာအဖွဲ့အစည်းများက ပြော သည်။
လက်ရှိတွင် မဲဆောက်မြို့၌ တစ်ရက်လျှင် မြန်မာလုပ်သား ၄၀ ခန့်ဖမ်းဆီးခံနေရကြောင်း မဲ ဆောက်မြို့အခြေစိုက်ထိုင်းနိုင်ငံ လုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအ လုပ်သမားကွန်ရက်(MMNT)အ တွင်းရေးမှူး ဦးမိုးကြိုးက ပြော သည်။
‘‘ထိုင်းတပ်မတော်က အမျိုး သားလုံခြုံရေးကို တင်းကျပ်နေ တာ။ မြန်မာလုပ်သားတွေငှား ရမ်းနေထိုင်တဲ့အိမ်ရှင်ရဲ့ အ ထောက်အထားအပြည့်အစုံကို ဧည့်စာရင်းတိုင်ရမယ်ပေါ့။ ဧည့် စာရင်းက အိမ်ရှင်တွေကတိုင်ရ မှာဖြစ်တယ်။ အဲဒါကို အိမ်ရှင်ကို မရိုက်ဘူး။ ရွှေ့ပြောင်းလုပ်သား တွေပဲ ရိုက်နေတာ’’ ဟု ၎င်းက ပြောသည်။
‘‘မြန်မာလုပ်သားတွေ အ များဆုံးရှိတဲ့ ရပ်ကွက်ကြီးတွေမှာ စစ်ဆေးနေတာပေါ့။ အမှန်အ ကန်နေထိုင်တဲ့သူတွေကိုလည်း ကောင်းကောင်းမဆက်ဆံဘူး။ အဲဒီလိုစစ်ဆေးနေတာကိုတော့ မြန်မာအစိုးရက ကန့်ကွက်သင့် တယ်’’ ဟု မဟာချိုင်အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားအခွင့် အရေးကွန်ရက်(MWRN)ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။
ထိုင်းနိုင်ငံအစိုးရသည် တ ရားမဝင်ရွှေ့ပြောင်းလုပ်သားများ ကို ဖမ်းဆီးစစ်ဆေးရာ ယခုလအ တွင်း မြန်မာလုပ်သား ၂,၅၀၀ ကျော် ဖမ်းဆီးခဲ့ကြောင်း မြန်မာ အဖွဲ့အစည်းများက ပြောသည်။ အောက်တိုဘာ ၂၀ ရက်က မဟာ ချိုင်နယ်မြေတွင် ရာနှင့်ချီသော မြန်မာလုပ်သားများကို ထိုင်းရဲ တပ်ဖွဲ့က စစ်ဆေးခဲ့သည်။

ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးသော AAC မဟာမိတ်အဖွဲ့တည်ထောင်သူ အဖမ်းခံရ


ထိုင်းနိုင်ငံရောက် မြန် မာလုပ်သားများအရေး ကူညီပေး နေသော AAC မဟာမိတ်အဖွဲ့ တည်ထောင်သူ ကိုရဲမင်းကို ယမန်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး ပြီး ဘန်ကောက်မြို့၌ ထိန်းသိမ်းထားကြောင်း  ယင်းအဖွဲ့ဒါရိုက်တာ ကိုခိုင်ကြီးက ပြောသည်။


ကိုရဲမင်းသည် ယမန်နေ့ နေ့ လယ် ၁၂ နာရီတွင် မဟာချိုင်မြို့ ရှိ လူဝင်မှုကြီးကြပ်ရေးရုံးသို့ ဗီဇာသက်တမ်းတိုးရန် သွားရောက်စဉ် ဖမ်းဆီးခံရကြောင်း ကိုခိုင်ကြီးက ပြောသည်။

‘‘ထိုင်းရဲကိုမေးကြည့်တော့ အကြောင်းအရာသိချင်ရင် ဘန် ကောက်ရုံးကို လိုက်ခဲ့လို့ပြော တယ်။ ထိုင်းရဲတွေက ကိုရဲမင်းကို နာမည်ပျက်သွင်းထားတာလည်း မရှိဘူးတဲ့။ မြန်မာသံရုံးက ဖမ်းဆီး ခိုင်းလို့ ဖမ်းတာဆိုပြီး စာရွက်ထုတ်ပြလိုက်တယ်’’ဟု ကိုခိုင်ကြီး က ပြောသည်။

ထိုအကြောင်းအရာနှင့်ပတ် သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံး အလုပ်သမားသံအရာရှိ ဦးဆန်းမောင်ဦးထံ ဆက်သွယ်မေးမြန်းရာ သံရုံးက ဖမ်းဆီးခိုင်းခြင်းမဟုတ်ဘဲ တရားမဝင်နေထိုင်မှုဖြင့်  ဖမ်းဆီးခံရခြင်းဟု ကနဦး ကြားသိထားကြောင်း  ဦးဆန်း မောင်ဦးက ပြောသည်။

‘‘သံရုံးဆိုတာ ဖမ်းဆီးပေးပါ ဆိုပြီး ခိုင်းလို့ရတဲ့အာဏာရှိတာ မဟုတ်ဘူး။ နှစ်နိုင်ငံအကျိုးအ တွက် ပူးပေါင်းဆောင်ရွက်နေတာ သာဖြစ်တယ်။ ကိုရဲမင်းအဖမ်းခံရ တဲ့သတင်းကြားလို့ ကျွန်တော်တို့ လည်း ရဲတပ်ဖွဲ့ကို မေးမြန်းထား ပါတယ်။ ဘာကြောင့်ဆိုတာပေါ့။ သိရရင် သတင်းထုတ်ပြန်ပေးမှာ ပါ’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။ 

ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းချက် ၂၂ ခု ရရှိခဲ့တဲ့ တောဝက်အသင်းသားများ


ထိုင်းနိုင်ငံ၊ ထမ့်လုံဂူက ပိတ်မိပြီး လွတ်မြောက်လာတဲ့ တောဝက်အသင်းသား ၁၂ ယောက်နဲ့ နည်းပြတို့အတွက် ကံကောင်းမှုတွေက ဆက်တိုက်ပါပဲ။ ဂူအတွင်းက လွတ်မြောက်လာပြီးကတည်းက သူတို့တွေဟာ ကမ္ဘာတဝန်းက စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ကမ်းလှမ်းချက်တွေ အများကြီးကိုလည်း ရရှိခဲ့ပါတယ်။

အခုလည်း သူတို့လွတ်မြောက်လာတဲ့ ထမ့်လုံဂူ ကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး ရုပ်ရှင်ဇာတ်လမ်းနဲ့အတူ Documentary နဲ့ စာအုပ်ရေးသားဖို့အတွက် ပြည်တွင်းနဲ့ နိုင်ငံခြား စတူဒီယိုက ကမ်းလှမ်းမှုတွေရှိနေတယ်လို့ Creative Media Committee မှ ယဉ်ကျေးမှုဝန်ကြီး Veera Rojpojanarat က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ခံတွင်းအနံ့ဆိုးတွေကို ၅ မိနစ်အတွင်း ပျောက်ကင်းစေတဲ့ နည်းလမ်းကောင်းများ


လူတယောက်နဲ့တယောက် ပေါင်းသင်းဆက်ဆံရေးမှာ မျက်နှာအသွင်အပြင် လှပဖို့အရေးကြီးသလို စကားပြော လိုက်တိုင်း ခံတွင်းအနံ့ မွှေးပျံ့နေဖို့လည်း လိုပါတယ်။ ဘယ်လောက်ပဲ ဈေးကြီးတဲ့အသုံးအဆောင်တွေ ဝတ်ဆင်ထားပါစေ၊ ဘယ်လောက်ပဲ ရုပ်ရည်ရူပကာ ချောမောလှပနေပါစေ၊ စကားပြောလိုက်တိုင်း ခံတွင်းအနံ့ဆိုး ထွက်နေရင် တဖက်လူလည်း စိတ်အနှောင့်အယှက်ဖြစ်စေလို ကိုယ်တိုင်လည်း ယုံကြည်မှုပျောက်ဆုံးစေပါတယ်။
ခံတွင်းအနံ့ဆိုးထွက်တယ်ဆိုတိုင်းလည်း အလွယ်တကူစိတ်ဓာတ်ကျပြီး လူတောမတိုးဖြစ်နေစရာ မလိုပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ ၅ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းထိဟာ ခံတွင်းအနံ့ဆိုးထွက်ခြင်း ပြဿနာကို ခံစားနေရပါတယ်။
တခါတလေ အနံ့ပြင်းတဲ့ အစားအစာတွေ စားထားမိလို့လည်း အနံ့ဆိုးတွေ ထွက်တတ်တာကြောင့် သက်သာ ပျောက်ကင်းစေမယ့်နည်းလမ်းတွေ သိထားဖို့လိုပါတယ်။ လက်ထဲမှာ အလွယ်တကူစားနိုင်မယ့် ပီကေ မရှိခဲ့ရင် တခြားဘယ်လို နည်းလမ်းတွေနဲ့ ၅ မိနစ်အတွင်း သက်သာပျောက်ကင်းအောင် လုပ်နိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။
အရင်ဆုံး ခံတွင်းအနံ့ဆိုးထွက်တာကို တားဆီးနိုင်တဲ့ နည်းလမ်းတွေ မပြောခင် ဘာကြောင့် ခံတွင်းအနံ့ဆိုးထွက်ရလဲဆိုတဲ့ အကြောင်းရင်းကို ရှင်းပြချင်ပါတယ်။ အဓိက အကြောင်းရင်းကတော့ သွားနဲ့ခံတွင်းကို သေချာ ဂရုမစိုက်ခြင်းက စပါတယ်။ အစားအသောက်တွေ စားပြီးတဲ့အခါ သေချာပလုတ် မကျင်းတာ၊ သွားသေချာ မတိုက်တာတွေကြောင့် အစားဟောင်းတွေက ပုပ်ဆွေးသွားပြီး ခံတွင်းအနံ့ဆိုးတွေ ထွက်လာတာပါ။
နောက်ထပ် အကြောင်းရင်းကတော့ အစားအသောက်ပုံစံနဲ့လည်း ဆိုင်ပါတယ်။ အနံ့အလွန်ပြင်းလွန်းတဲ့ ဥပမာ – ကြက်သွန်ဖြူလို ဆာလ်ဖာဓာတ်များတဲ့ အစားအစာတွေကို များများစားလေ့ရှိတာ၊ အရက်နဲ့ ဆေးလိပ်သောက်တဲ့သူတွေ၊ သွားပြဿနာရှိသူတွေ၊ ခံတွင်းပိုးဝင်နေသူတွေ၊ သွားကြွေလွှာပျက်စီးနေသူတွေနဲ့ စိတ်ဖိစီးမှုများ တတ်သူတွေမှာ ခံတွင်းအနံ့ဆိုး ထွက်တဲ့ ပြဿနာတွေရှိတတ်ပါတယ်။
ခံတွင်းအနံ့ဆိုးထွက်ခြင်း အကြောင်းရင်းကို သိရှိသွားပြီဆိုရင် သွားနဲ့ခံတွင်း သန့်ရှင်းအောင် ဂရုစိုက်ရမှာဖြစ်သလို အရေးပေါ်ဖြေရှင်းရေး နည်းလမ်းကောင်းတွေကိုလည်း ပြောပြပေးချင်ပါတယ်။


အလွယ်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ ရေများများသောက်ပါ။ ခံတွင်းအနံ့ဆိုးထွက်နေတာဟာ တံတွေးတွေ၊ ဂတ်စ်တွေနဲ့ ဓာတ် ပြုပြီး အာခြောက်နေတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေများများသောက်ပေးတာဟာ အနံ့ဆိုးထွက်ခြင်းကို အချိန်တိုအတွင်း သက်သာစေပါတယ်။

ပူရှိန်းအရသာရှိတဲ့ အရွက်တွေ ဝါးစားပေးပါ။ ပူစီနံလို၊ ပင်စိမ်းရွက်လို ပူရှိန်းရှိန်း အရသာထွက်တဲ့ အရွက်တွေ ဝါးစားလိုက်ရင် ပီကေဝါးလို့ ခံတွင်းရှင်းသွားသလိုပဲ ခံစားရပါတယ်။ ဒီလို ပူရှိန်းရှိန်းအရွက်တွေ အလွယ်တကူ မရခဲ့ရင် ပန်းသီး စားပေးလို့လည်း ရပါတယ်။ ပန်းသီးမှာ အောက်ဆီနဲ့ဂျင်နဲ့ ဓာတ်ပြုထားတဲ့ ပိုလီဖီနော ပါဝင်လို့ ခံတွင်းအနံ့ဆိုးခြင်းကို အလျင်အမြန် သက်သာစေပါတယ်။

နောက်ဆုံး နည်းလမ်းကတော့ အချဉ်ဓာတ်များတဲ့ သံပုရာသီး (သို့) သံပုရိုသီး တစိတ်လောက်ကို စားလိုက်တာပါ။ စီထရစ်ဓာတ်က ခံတွင်းရှင်းစေပြီး သွားကြွေလွှာပေါ်မှာ တင်ကျန်နေတဲ့ စားကြွင်းစားကျန်တွေကို သန့်စင် ဖယ်ရှား ပေးတဲ့အပြင် ခံတွင်းအနံ့ဆိုးကိုပါ သက်သာပျောက်ကင်းစေပါတယ်။

Ref: Brightside Me

စက်ရုပ်များ မလုပ်နိုင်မယ့် သေချာတဲ့ အနာဂတ် အလုပ်အကိုင်များ


စက်ရုပ်များဟာ ကုန်ထုတ်စွမ်းအား တိုးတက်စေတဲ့ အတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ဒါပေမယ့် လာမယ့် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ လူသားတွေရဲ့ အလုပ်အကိုင်များဟာ စိုးရိမ်စရာ ဖြစ်လာပါတယ်။ စီးပွားရေး ပညာရှင် Mariano Mamertino က ကမ္ဘာ့ နံပါတ်တစ် အလုပ်အကိုင် ဝက်ဆိုက် Indeed မှ ဒေတာများကို အခြေခံ၍ စက်ရုပ်များ မလုယူနိုင်မယ့် သေချာတဲ့ အနာဂတ် အလုပ်အကိုင်များကို ရွေးချယ်ပေးလိုက်ပါတယ်။ ဖော်ပြထားတဲ့ လစာများကတော့ Indeed နဲ့ အလုပ်အကိုင် ဝက်ဆိုက် တစ်ခု ဖြစ်တဲ့ Glassdoor မှ ပျမ်းမျှ လစာများ ဖြစ်ပြီး လစာအနည်းဆုံးကနေ အများဆုံးကို အစဉ်လိုက်ဖော်ပြထားပါတယ်။

စားဖိုမွူး


ဝင်ငွေ – တစ်နှစ်လျှင် စတာလင်ပေါင် ၁၈ ၇၃၀
လူတွေဟာ အရသာ အသစ်များကို ခံစားချင်တဲ့အတွက် စားသောက်ဆိုင်များကို သွားနေဦးမှာ ဖြစ်ပါတယ်။ အစားအစာအသစ်များကို စားဖိုမှူးများကသာ ဖန်တီးနိုင်ပြီး စက်ရုပ်များက ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ ဗြိတိန်မှာ စားဖိုမှူး အလုပ်အကိုင် အခွင့်အလမ်းများ များပြားနေပါတယ်။ Indeed ဝက်ဆိုက်မှာ စားဖိုမှူး အလုပ်ကို ခေါ်ယူနေမှုဟာ ရက်ပေါင်း ၆၀ ကျော် ကြာမြင့်တဲ့တိုင်အောင် အလုပ်လျှောက်သူ မရှိကြပါဘူး။

Marketing , Communication & Design


ဝင်ငွေ – တစ်နှစ်လျှင် စတာလင်ပေါင် ၂၅ ၀၀၀ ဝန်းကျင်
စက်ရုပ်များက တီထွင်ဖန်တီးမှု အသစ်များကို ပြုလုပ်ရာမှာ မကျွမ်းကျင်ကြသေးပါဘူး။ အဲဒီအတွက် တီထွင်ဖန်တီးရတဲ့ အလုပ်များက အနာဂတ်မှာ သေချာစေပါတယ်။ အဲဒီအတွက် ဈေးကွက်မှာ ပေါက်ဖို့ အိုင်ဒီယာ အသစ်များ ဖန်တီးနေရတဲ့ Marketing သမားများ၊ လူများနဲ့ ဆက်သွယ်ဆောင်ရွက်နေရသူများနဲ့ ဒီဇိုင်နာများဟာ စက်ရုပ်များကို သိပ်ကြောက်ဖို့ မလိုပါဘူး။

သူနာပြု ဆရာ၊ ဆရာမများ


ဝင်ငွေ – တစ်နှစ်လျှင် စတာလင်ပေါင် ၂၆ ၃၈၀
လူများနဲ့ ဆက်သွယ်ဆောင်ရွက်ရတဲ့ အလုပ်များကို စက်ရုပ်များက မပြုလုပ်နိုင်ကြသေးပါဘူး။ သူနာပြု ဆရာ၊ ဆရာမများဟာ လူနာများနဲ့ ဆက်ဆံရာမှာ အလွန် ဂရုစိုက်ကြရပါတယ်။ အဲဒီ အလုပ်မျိုးကို လုပ်နိုင်တဲ့ စက်ရုပ် မပေါ်သေးပါဘူး။ ဗြိတိန်မှာ သူနာပြု အလုပ်အကိုင် များစွာ လိုအပ်နေပါတယ်။

ပညာရေး


ဝင်ငွေ – တစ်နှစ်လျှင် စတာလင်ပေါင် ၂၈ ၆၆၄
ဆရာ လိုအပ်ချက်ဟာ အမြဲတမ်းများနေတယ်လို့ Indeed က ပြောပါတယ်။ နိုင်ငံခြားမှ ပညာသင်ကြားသူများ ရှိတဲ့အတွက် အထူးသဖြင့် ဘာသာစကား သင်ကြားပေးတဲ့ ဆရာများဟာ အရေးကြီးကြပါတယ်။ ဒီလို အလုပ်မျိုးလုပ်ပေးနိုင်တဲ့ စက်ရုပ် မပေါ်သေးပါဘူး။ ဗြိတိန်မှာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ဆရာ အလုပ်အကိုင် ၅ ရာခိုင်နှုန်း တိုးတက် ခေါ်ယူလာကြပါတယ်။

ဆိုက်ဘာ လုံခြုံရေး ကျွမ်းကျင်သူ


ဝင်ငွေ – တစ်နှစ်လျှင် စတာလင်ပေါင် ၃၀ ၀၀၀ ဝန်းကျင်
Indeed ရဲ့ စစ်တမ်းအရ ဗြိတိန်ဟာ ကမ္ဘာမှာ ဆိုက်ဘာ လုံခြုံရေး ကျွမ်းကျင်သူများကို အလုပ်ခေါ်ယူမှု တတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ လန်ဒန်မှာတင် ဆိုက်ဘာ လုံခြုံရေး အဖွဲ့အစည်းများစွာ ရှိပါတယ်။ အလုပ်ခေါ်ယူမှု များပြားနေပေမယ့် လုံလောက်တဲ့ ပညာရှင်များကို မရရှိကြသေးပါဘူး။ လွန်ခဲ့တဲ့ ၁၈ လအတွင်းမှာ Indeed မှာ ဆိုက်ဘာ လုံခြုံရေး အလုပ်အကိုင် ခေါ်ယူမှု ၁၈ ရာခိုင်နှုန်း မြင့်မားခဲ့ပါတယ်။ အဲဒီအလုပ်ကို စက်ရုပ်များ မလုပ်နိုင်သေးပါဘူး။

လူသား အရင်းအမြစ်


ဝင်ငွေ – တစ်နှစ်လျှင် စတာလင်ပေါင် ၃၆ ၀၀၀ ဝန်းကျင်
ကုမ္ပဏီအတွက် သင့်တော်တဲ့ ဝန်ထမ်းများကို ရှာဖွေပေးရတဲ့ အလုပ်ကလည်း အလွန် အရေးပါပါတယ်။ လူတွေရဲ့ စိတ်ခံစားမှုနဲ့ စွမ်းရည်ကို လေ့လာအကဲခတ်နိုင်တဲ့ အလုပ်ကို စက်ရုပ်များ မလုပ်နိုင်ကြသေးပါဘူး။

Delivery or Logistics Management


ဝင်ငွေ – တစ်နှစ်လျှင် စတာလင်ပေါင် ၄၃ ၄၃၅
လွန်ခဲ့တဲ့ နှစ်များအတွင်းက Drone များဟာ သယ်ယူပို့ဆောင်ရေး နယ်ပယ်ကို အုပ်စိုးတော့မယ်ဆိုတဲ့ စကားများ ကြားခဲ့ရပါတယ်။ ဒါပေမယ့် လူများစွာ၊ ပစ္စည်းများစွာ ၊ ကိရိယာများစွာ ပါတဲ့ ရှုပ်ထွေးတဲ့ အလုပ်များစွာကို ပေါင်းစည်း လုပ်ကိုင်နေရတဲ့ Logistics ကဏ္ဍမှာတော့ လူသားများ လိုအပ်နေဦးမှာပါ။ Indeed ရဲ့ အဆိုအရ Delivery Driver အလုပ်အကိုင်များဟာ အမြဲလိုအပ်နေတယ်လို့ သိရပါတယ်။

Data Scientist


ဝင်ငွေ – တစ်နှစ်လျှင် စတာလင်ပေါင် ၅၅ ၇၆၅
Indeed ရဲ့ အဆိုအရ ဗြိတိန်မှာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း Data Scientist အလုပ်များကို ခေါ်ယူမှုဟာ ၅၄ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ပြောပါတယ်။ ဒီပညာရပ်ကို စိတ်ဝင်စားလာသူ များပြားလာတာနဲ့ အမျှ အလုပ်အကိုင် ခေါ်ယူမှုလည်း များပြားလာပါတယ်။ Data Scientist များဟာ သူတို့ရဲ့ သိပ္ပံပညာ ကျွမ်းကျင်မှုနဲ့ စွမ်းရည်ကို ပေါင်းစပ်၍ အသုံးဝင်တဲ့ ဒေတာများကို ရှာဖွေ ဖော်ထုတ်ရတာ ဖြစ်ပါတယ်။

Gig Worker or Freelancer


Gig Worker ဆိုတာက ကာလတို အလုပ်များနဲ့ Freelance အလုပ်များ ဖြစ်ပါတယ်။ Uber မှာ အချိန်ပိုင်း ကားမောင်းတဲ့ လူများလည်း ပါဝင်ပါတယ်။ ဒီလို အလုပ်အကိုင်များဟာ များစွာ ပေါ်ထွက်လာနေပြီး အလုပ်သမားများဟာ လိုအပ်ရင် လိုအပ်သလို အလုပ်လုပ်ကြရပါတယ်။ ဒီလို Flexibility စွမ်းရည်မျိုး စက်ရုပ်များမှာ မရှိကြပါဘူး။ ဗြိတိန်မှာ အချိန်ပိုင်း အလုပ်များ၊ Freelance အလုပ်များကို ရှာဖွေသူ များပြားလာနေပါတယ်။
ref : businessinsider

မြန်မာအကူအညီဖြင့် ဘရူနိုင်းက ဆန်တိုးမြှင့်ထုတ်လုပ်မည်


ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံက ၎င်းတို့၏ ဆန် ထုတ်လုပ်မှုကိုတိုးမြှင့်ရန် မျှော် လင့်ပြီး စိုက်ပျိုးရေးကဏ္ဍ ပူး ပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတစ်ရပ် လက်မှတ်ရေး ထိုးပြီးနောက် ဆန်ထုတ်လုပ်မှု၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင် ရွက်မှုနှင့် တိုးမြှင့်ရန် သဘောတူ ညီခဲ့သည်။
ဘရူနိုင်းအဓိက ရင်းမြစ်များ နှင့် ကမ္ဘာလှည့်ခရီးသွားဝန်ကြီး ဌာန ဝန်ကြီးဒါတိုဆီရီဆီတီယာအ ဝမ်ဟာဂျီ အလီဘင်ဟာဂျီ အပွန် တက်ရောက်သော ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့၌ ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အာဆီယံဝန်ကြီးများ၏ အကြိမ် (၄၀)မြောက် အစည်းအဝေး (AMAF) ပြင်ပ၌ ယင်းနားလည်မှု စာချွန်လွှာကို မြန်မာနှင့် ဘရူနိုင်းတို့ လက်မှတ်ရေးထိုးခဲ့သည်။
ယင်းနားလည်မှု စာချွန် လွှာမှတစ်ဆင့် ဘရူနိုင်းနှင့်မြန်မာ  နှစ်နိုင်ငံစလုံးက အထူးသဖြင့် အ ထွက်နှုန်းမြင့်မားသော စပါးမျိုး စေ့များ ဘရူနိုင်းသို့ တင်သွင်းခြင်း ဖြင့် နည်းပညာပိုင်းအကူအညီ ပေးရေး ဆန်စပါးထုတ်လုပ်မှုတွင် ပူးပေါင်းဆောင်ရွက်မှု ဆက် လက်အားကောင်းစေရေး သဘော တူခဲ့ကြသည်။ ဘရူနိုင်းက ယင်း သို့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့ နိုင်ငံ၏ ဆန်စပါး ကဏ္ဍအပေါ် အပြုသဘောသက်ရောက်မှုတစ် ခု ဆောင်ကြဉ်းနိုင်သည်ဟု မျှော် လင့်ထားသည်။
ထို့အပြင် ယင်းနားလည်မှု စာချွန်လွှာတွင် ပါဝင်သော ပူး ပေါင်းဆောင်ရွက်မှုအတွက် အ လားအလာရှိသော နယ်ပယ်များ တွင် နှစ်နိုင်ငံကြား အခြားသော ကောက်ပဲသီးနှံများ၊ သစ်ပင်ပန်း မန်များစိုက်ပျိုးရေး၊ တိရစ္ဆာန်မွေး မြူရေး၊ အစားအစာများ ထုပ်ပိုး ပြင်ဆင်မှု ကဏ္ဍနှင့် ကုန်သွယ်မှု တိုးမြှင့်ရေး စသည်တို့ တိုးမြှင့် ဖော်ဆောင်ရန်ပါဝင်သည်။
ယင်းနားလည်မှုစာချွန်လွှာ ကို ဘရူနိုင်းအစိုးရကိုယ်စားအ ဓိကရင်းမြစ်များနှင့် ကမ္ဘာလှည့် ခရီးသွားဝန်ကြီးဌာန ဝန်ကြီးက လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံ ကိုယ်စားပြု စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဒေါက် တာ အောင်သူက လက်မှတ်ရေး ထိုးခဲ့သည်။ ယင်းလက်မှတ်ရေး ထိုးမှု မတိုင်မီ ဝန်ကြီးနှစ်ဦးသည် မြန်မာက ဘရူနိုင်းသို့ နည်းပညာ အကူအညီပေးရေးနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး နှစ်ဦးနှစ်ဖက် ဆွေးနွေးခဲ့သည်။
ယင်းနှစ်နိုင်ငံဆွေးနွေးမှုသို့ ဗီယက်နမ်နိုင်ငံဆိုင်ရာ ဘရူနိုင်း သံအမတ် ပန်ဂီရန်ဟာဂျီဆာဟာ ရီ ဘင်ပန်ဂီရန် ဟာဂျီဆာလက် လည်း တက်ရောက်ခဲ့သည်။

—Ref: Borneo Bulletin

မလေးရှားတွင် မြေပြို၍ မြန်မာလုပ်သား သုံးဦး သေဆုံး


ယမန်နေ့ နံနက် ၁၁ နာရီ တွင် ပါဟမ်းပြည်နယ် ကင်မရွန်းဟိုက်လန်းဒေသ၌ ဖြစ်ပွားသော မြေပြိုမှုအတွင်း အသက် (၂၃) နှစ်အရွယ် ချင်းတိုင်းရင်းသား အောင်သွန်း၊ ၎င်း၏ ဇနီး (၂၃) နှစ်အရွယ် နိုင်ဗိုင်နှင့် (၃၄) နှစ်အရွယ် ရခိုင်တိုင်းရင်းသူ မအေးအေးမူတို့ သေဆုံးခဲ့သည်။

ကုန်းမြင့်တစ်နေရာတွင် မြေ ပြိုကျမှုဖြစ်ပွားခြင်းဖြစ်ပြီး သေဆုံးသူများသည် အောက်ဘက်ရှိ အမိုးအကာတစ်ခုအတွင်း နေထိုင် သဖြင့် ပြိုကျသည့် မြေကြီးများအောက်မြုပ်ကာ သေဆုံးခဲ့ကြောင်း ပါဟမ်းပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးက မလေးရှားအခြေစိုက် The Star သတင်းဌာနအား ပြောသည်။

မြန်မာလုပ်သားများနေထိုင် သော တဲသည် မြေပြိုကျမှုအတွင်းလုံးဝပျောက်ဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။

သေဆုံးသူများသည် အဆိုပါဒေသတွင် စိုက်ပျိုးရေးလုပ်ကိုင်သူများဖြစ်ပြီး ယခုရက်ပိုင်းအတွင်း မလေးရှား၌  မိုးများနေကြောင်း မလေးရှား ရောက်မြန်မာလုပ်သားများအရေး ကူညီပေးနေသော ကိုချစ်ကောင်းက ပြောသည်။

ရုပ်အလောင်းများကို စစ် ဆေးနိုင်ရန် တာနာရာတာဒေသရှိ တန်နာဟာဂျာကယ်လ်ဆွမ်ဆေးရုံသို့ ပို့ဆောင်ထားသည်။
By nyein chan

ရန်ကုန်တိုင်း၏ နစ်နာမှုများအတွက် ဒေါက်တာညိုညိုသင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြား


ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြ ထားသည့် နိုင်ငံတော်ဘဏ္ဍာငွေနစ်နာဆုံးရှုံးမှုများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ် စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် ကော်မရှင်သို့တိုင်ကြားထားကြောင်း ရန်ကုန်စောင့် ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက ပြောသည်။
‘‘ညက အီးမေးလ်ပို့လိုက်တယ်။ ဒီနေ့က စာတိုက်က ပို့လိုက် တယ်ဆိုတော့ အီးမေးလ်ကတော့ ရောက်သွားပြီပေါ့နော်။ စာတိုက် ကတော့ တနင်္လာနေ့မှရောက်မှာပေါ့’’ဟု ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက အောက်တိုဘာ ၁၃ ရက်တွင်ပြောသည်။
ဒေါက်တာညိုညိုသင်းက ၂၀၁၆-၁၇ ရန်ကုန်တိုင်းဒေသ ကြီး စာရင်းစစ်ချုပ်အစီရင်ခံစာ တွင် ဖော်ပြထားသည့်နိုင်ငံတော် နစ်နာဆုံးရှုံးနေသည့်အချက်များ ကို ရေးသား၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင် ကြားထားသည်။
‘‘ဒီတိုင်စာမှာပါတဲ့အချက် အလက်တွေက အစီရင်ခံစာမှာပါ တဲ့အချက်အလက်တွေဖြစ်တဲ့ အတွက်ကြောင့် ခိုင်လုံတဲ့အ ထောက်အထားဖြစ်တယ်။ ကော် မရှင်အနေနဲ့ ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်မယ်လို့ ထင်ပါ တယ်’’ ဟု ၎င်းကပြောသည်။
၂၀၁၅-၁၆ ဘဏ္ဍာနှစ်အ တွင်း လူပုဂ္ဂိုလ်တစ်ဦးတည်းကို ပေ ၄၀ × ပေ ၆၀ ရှိမြေကွက် ၂၁  ကွက်စာအကျယ်အဝန်းကို သက် သာသည့်ဈေးနှုန်းထားဖြင့်ရောင်း ချထားခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင် အချို့ကို စီမံကိန်းအကြောင်းပြ၍ မြေဧကထောင်ချီပေးထားသည့် ကိစ္စများ၊ အဆိုပါမြေကွက်များအ တွက်မြေဂရန်ဝန်ဆောင်ခများ သတ်မှတ်ရာတွင် ဂရန်သစ်ဝန် ဆောင်ခနှုန်းဖြင့် မကောက်ခံသ ဖြင့် နိုင်ငံတော်ဝင်ငွေအနည်းဆုံး ကျပ် ၄၁ ဒသမ ၉၇ ဘီလီယံကျော် နစ်နာသည်တို့ကို အစီရင်ခံစာ၌ ဖော်ပြထားသည်ဟု ဒေါက်တာ ညိုညိုသင်း၏ တိုင်ကြားစာတွင် ရေးသားထားသည်။
‘‘ကျွန်မတို့ဆုံးရှုံးနေတဲ့ ၄၂ ဘီလီယံနီးပါးဟာ ပြည်သူထောင် ပေါင်းများစွာရဲ့အသက်ကို ကယ် တင်နိုင်တဲ့ဆုံးရှုံးမှုပမာဏဖြစ် ကြောင်း အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ထံ လေးစား စွာတင်ပြအပ်ပါတယ်’’ ဟုဒေါက် တာညိုညိုသင်းက ဆိုသည်။
ပြည်သူ့ဥယျာဉ်အတွင်း ပုဂ္ဂ လိကကုမ္ပဏီတစ်ခုကို ကာလ ပေါက်ဈေးထက် ဈေးလျှော့ငှား ရမ်းထားခြင်းကြောင့် ပြည်သူ လူထု ရန်ပုံငွေလစဉ်တစ်ဘီလီ ယံနစ်နာနေကြောင်း၊ အဆိုပါငွေ ပမာဏသည် ရန်ကုန်တိုင်းရှိခိုကိုး ရာမဲ့ပြည်သူ ၁၆,၆၀၀ ကျော်ကို ကျပ်တစ်ထောင်တန်တန်ဖိုးသင့် ထမင်းနှင့်ဟင်းနေ့စဉ် ည၊ နံနက် ကျွေးမွေးနိုင်သည့်ပမာဏဖြစ် ကြောင်း ၎င်းကဆိုသည်။
ထို့အပြင် အစီရင်ခံစာ၏ ဖော်ပြချက်အရ ဗိုလ်တထောင် မြို့နယ် ၄၅ လမ်းရှိ စီမံကိန်း ကြောင့် နိုင်ငံတော်သည်ကျပ် ၉ ဒသမ ၂ ဘီလီယံနစ်နာနေ ကြောင်း၊ ဗဟန်းမြို့နယ်တွင် ငှား ရမ်းထားသည့် မြေ ၁၅ ဧကအ တွက်နှစ်စဉ်ကျပ် ၃ ဒသမ ၈ဘီလီ ယံဆုံးရှုံးနေပြီး ကန်တော်ကြီး၊ ကန်တော်မင်နှင့် မြိုင်ဟေဝန် ဥယျာဉ်များမှ နှစ်စဉ်ကျပ်နှစ်ဘီလီ ယံနစ်နာနေကြောင်း ဒေါက်တာ ညိုညိုသင်းကဆိုသည်။ အဆိုပါ ပမာဏသည် ရန်ကုန်မြို့ရှိ သာ မန်ပြည်သူများအတွက်ကျပ်သိန်း ၁၀၀ တန် တန်ဖိုးနည်းတိုက်ခန်း ၂,၅၀၀ ခန့် ကိုကျန်သည့်အစိုးရ သက်တမ်း သုံးနှစ်အတွင်း ဆောက်လုပ်ပေးနိုင်သည့်ပမာဏ ဖြစ်ကြောင်း ၎င်းကဆိုသည်။
၎င်းတင်ပြသည့် နစ်နာမှု များကို လေ့လာကြည့်မည်ဆိုလျှင် လုပ်ပိုင်ခွင့်ရှိသူတစ်ဦး (သို့မ ဟုတ်)တစ်ဖွဲ့က လူတစ်ဦးတစ် ယောက်(သို့မဟုတ်)ပုဂ္ဂလိက ကုမ္ပဏီများကို တည်ဆဲဥပဒေများ ကို ချိုးဖောက်ပြီးအခွင့်အရေးပေး မှုကြောင့် ယခုကဲ့သို့နစ်နာမှုများ ဆက်တိုက်ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ဒေါက်တာညိုညို သင်းက ဆိုသည်။
စာရင်းစစ်ချုပ်အစီရင်ခံစာ အရ ဒေါက်တာညိုညိုသင်း၏တိုင် ကြားချက်တွင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က ဆုံးရှုံးနစ်နာမှုများ ပါသဖြင့် ယခင်အစိုးရလက်ထက် က လုပ်ရပ်များကိုပါတိုင်ကြား ခြင်းလားဟုမေးမြန်းရာ ၎င်းက အောက်ပါအတိုင်း ဖြေကြား သည်။
‘‘အဲဒါက ကော်မရှင်ကစစ် ဆေးရင်ပေါ်ပေါက်လိမ့်မယ်။ ဖြစ် စဉ်တွေမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်ဖို့က ကော်မရှင်ရဲ့တာ ဝန်၊ တိုင်ကြားထားတဲ့ဖြစ်စဉ်တွေ မှာ တာဝန်ရှိသူတွေက ဒီအစိုးရ လည်းဖြစ်နိုင်တယ်။ ပြီးခဲ့တဲ့အစိုး ရလည်းဖြစ်နိုင်တယ်။ ဘယ်အစိုး ရလို့ ပြောမထားဘူး။ ဒီဖြစ်စဉ် တွေအပေါ်မှာ တာဝန်ရှိမှုကိုဖော် ထုတ်ခိုင်းတာပေါ့။ ပြည်သူလူထု ရဲ့နစ်နာမှု၊ ဆုံးရှုံးမှုကိုဖော်ထုတ် ခိုင်းတာဖြစ်တယ်။ ကျန်တာက တော့ ကော်မရှင်ရဲ့တာဝန်ပေါ့’’ ဟု ဒေါက်တာညိုညိုသင်းကပြော သည်။
အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ပြန် ကြားရေးတာဝန်ခံဦးကျော်စိုးက ရုံးပိတ်ရက်ဖြစ်၍တိုင်ကြားစာနှင့် ပတ်သက်ပြီး မသိရှိသေးကြောင်း ပြောသည်။ ကော်မရှင်အနေဖြင့် ကျော်စောသတင်းသတ်မှတ်၍ ဆောင်ရွက်ရန်ရှိ၊ မရှိမေးမြန်းရာ ‘‘လွှတ်တော်နဲ့အစိုးရအဖွဲ့က ဒီ လိုပဲလေ။ လွှတ်တော်ကစစ်ဆေး တွေ့ရှိမှုကို အစိုးရကိုမေးတယ်။ အစိုးရက ဖြေရမယ် ဒီလိုမျိုးတာ ဝန်ရှိတယ်လေ။ သူတို့လုပ်ငန်း စဉ်က ဆုံးခန်းတိုင်သွားပြီးသား လေ’’ ဟု ဦးကျော်စိုးက ပြန်လည် ဖြေကြားသည်။
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း အချို့က နိုင်ငံပိုင်မြေများကို ဈေး ကောင်းကောင်းဖြင့်တစ်ဆင့်ပြန် လည်ငှားစားခြင်းကို စိစစ်ပြီး အ ဂတိလိုက်စားပါက အရေးယူ သင့်ကြောင်း အဆိုပါအစီရင်ခံစာ အား လွှတ်တော်တွင် ဆွေးနွေးခဲ့ စဉ်က မင်္ဂလာတောင်ညွန့်မြို့ နယ်တိုင်းလွှတ်တော်အမတ် ဦး လှဌေးက ပြောကြားထားသည်။
‘‘ရန်ကုန်တိုင်းလွှတ်တော် ကနေပြီးတော့ အတည်ပြုပေး လိုက်တဲ့ဘတ်ဂျက်တွေအပေါ် မှာ ဘဏ္ဍာရေးအရတာဝန်ခံမှုရှိရ မယ်။ ဒါတွေကို မှန်မှန်ကန်ကန် သုံးစွဲဖို့ဆိုပြီးတော့ ကျွန်တော်တို့ က လွှတ်တော်ထဲမှာ စာရင်းစစ် ချုပ်အစီရင်ခံစာကို ဆွေးနွေးရင်း နဲ့ထည့်ပြောခဲ့တယ်။ နောက်တစ် ခုက ဒီလိုမျိုးငွေရေးကြေးရေးတွေ ကို မသမာတဲ့နည်းနဲ့သုံးစွဲတယ် ဆိုရင် ဒါတွေက အဂတိလိုက်စား မှုဆီကို ဦးတည်နေတယ်လို့ကျွန် တော်တို့ပြောခဲ့တာတွေရှိတယ်’’ ဟု ပန်းဘဲတန်းမြို့နယ်လွှတ်တော် ကိုယ်စားလှယ်ဦးသန်းနိုင်ဦးက ပြောသည်။
အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ကျောက်တံတားမြို့ နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ‘‘ဒါက ဒေါ်ညို ညိုသင်းက အဂတိတိုက်ဖျက်ကို တိုင်တယ်ဆိုတာ ဒီထဲမှာပါတဲ့ အချက်အလက်တွေက တော် တော်ကိုပြန်ပြီးတော့ စိစစ်စရာ တွေ၊ စစ်ဆေးစရာတွေ၊ အဂတိ လို့ထင်ရတာတွေပါတယ်လို့ သူ ယုံကြည်တဲ့အတွက်ကြောင့် ဒါ သူ့ရဲ့သဘောဆန္ဒနဲ့တိုင်တာလေ။  ဒီအပေါ် ကျွန်မတို့ဘာမှမှတ်ချက် ပေးစရာမရှိပါဘူးရှင့်’’ ဟု ပြော သည်။
သင်္ဃန်းကျွန်းမြို့နယ် လွှတ် တော်ကိုယ်စားလှယ်ဦးနေဘုန်း လတ်က ‘‘တိုင်တဲ့သူက တကယ် တိုင်တယ်ဆိုတော့ အဂတိလိုက် စားမှုကော်မရှင်ကနေပြီးတော့ ဘယ်လိုဆက်လက်ဆောင်ရွက် မလဲဆိုတာတော့ စောင့်ကြည့်ရ မှာပေါ့’’ ဟု မှတ်ချက်ပေးသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီးဦးမြင့် သောင်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံ လင်း၊ ဝန်ကြီးနော်ပန်းသ ဉ္ဇာမျိုးနှင့် ဝန်ကြီး ဦးဇော်အေးမောင်တို့ထံ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်မရပေ။
ကျော်စောသတင်းဆိုသည် မှာ အများပြည်သူအတွင်းပျံ့နှံ့နေ သော သတင်းတစ်ရပ်ရပ်တွင် လူတစ်ဦးဦးသည် အဂတိလိုက် စားမှုနှင့်ပတ်သက်၍ ဥပဒေအရ ပြစ်မှုကျူးလွန်ကြောင်း သင်္ကာ မကင်းဖွယ်ရာဖြစ်ခြင်းအတွက် ခိုင်လုံသည့်သက်သေအထောက် အထားရှိနိုင်သည်ဟု ကော်မရှင် က ယုံကြည်ရန်အကြောင်းပေါ် ပေါက်သောသတင်းကိုဆိုသည် ဟု အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေ၌ ဖော်ပြထားသည်။
တိုင်ကြားသည့်အမှုသည် ၂၀၁၃ စက်တင်ဘာ ၁၇ ရက် နောက်ပိုင်းကာလများတွင် ဖြစ် ပွားသော အဂတိလိုက်စားမှုဖြစ်ရ မည်ဟု အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေ၌ ပြဋ္ဌာန်းထား သည်။
၎င်းတိုင်ကြားထားသည့် ကိစ္စများသည် ၂၀၁၃ နောက်ပိုင်း ဖြစ်ပွားသည့်ကိစ္စရပ်ဖြစ်သော ကြောင့် ကော်မရှင်ဥပဒေနှင့်အညီ တိုင်ကြားခြင်းဖြစ်ကြောင်း ဒေါက် တာညိုညိုသင်းက ပြောသည်။
‘‘နိုင်ငံရေးစောင့်ကြည့်သူ များအကြား စိုးရိမ်နေတာတစ်ခု ကတော့ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က ရန်ကုန် တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာပါကိစ္စများကို ကျော် စောသတင်းအဖြစ် မှတ်ယူပါ့ မလားဆိုတာပါပဲ။ ဒီအစီရင်ခံစာ ကိုယ်တိုင်က ခိုင်လုံတဲ့အထောက် အထားဖြစ်တာမို့ အခုကိစ္စဟာ ကျော်စောသတင်းဖြစ်ကြောင်း ထင်ရှားလှပါတယ်’’ ဟု ၎င်းက ပြောသည်။
ဟာသသရုပ်ဆောင်အောင် ရဲထွေးသေဆုံးမှုကို ရုပ်သိမ်းခွင့်ပြု သည့် ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူးအပါအဝင် ဥပဒေအ ရာရှိကြီးငါးဦးနှင့် ရဲစခန်းမှူးတစ် ဦးကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ပထမဆုံး ကျော်စောသတင်းအ ဖြစ်သတ်မှတ်ကာ အရေးယူခဲ့ သည်။
ဒေါက်တာညိုညိုသင်းသည် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့် ဆွေလက်ထက်က ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အမတ်တစ် ဦးဖြစ်ပြီး အစိုးရကိုထောက်ပြဝေ ဖန်နိုင်သူဖြစ်သည်။ သို့သော် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင် ဗဟန်းမဲဆန္ဒနယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာ ကိုတစ်သီးပုဂ္ဂလအဖြစ် ဝင် ရောက်ယှဉ်ပြိုင်ရာ ဒီချုပ်ပါတီ ကိုယ်စားပြုကိုယ်စားလှယ်ကို ရှုံး နိမ့်ခဲ့သည်။

၂၀၁၈ ကြားကာလဘတ်ဂျက်တွင် နယ်စပ်ဂိတ်များမှ သွင်းကုန်လျော့ကျ

၂၀၁၈ ကြားကာလ ဘတ်ဂျက် ခြောက်လအတွင်း တရုတ်နယ်စပ်ဂိတ်များနှင့် ထိုင်း နယ်စပ်ဂိတ်အချို့မှ သွင်းကုန် လျော့ကျသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
၂၀၁၈ ဧပြီမှ စက်တင်ဘာ အထိ ခြောက်လအတွင်း မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်မှု စုစု ပေါင်း ကန်ဒေါ်လာ သုံးဘီလီယံ ဖိုးရှိပြီး မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုသည် ကန်ဒေါ်လာ သန်း ၇၀၀ ကျော်ဖိုးရှိသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာ-တရုတ်နယ်စပ်ကုန် သွယ်မှုတွင် မြန်မာဘက်က ပို့ ကုန်တန်ဖိုးဒေါ်လာ ၂ ဒသမ ၁ ဘီလီယံကျော်ရှိပြီး သွင်းကုန် ဒေါ်လာသန်း ၉၀၀ ဖိုးရှိကြောင်း ဝန်ကြီးဌာနကဆိုသည်။ ထိုင်း နိုင်ငံနှင့် ကုန်သွယ်မှုတွင် သွင်း ကုန်ဒေါ်လာသန်း ၅၀၀ ကျော်ဖိုး ရှိသည်။
 သွင်းကုန်ကျဆင်းသည့် တရုတ်နယ်စပ်ဂိတ်များသည် မူ ဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးတို့ဖြစ်သည်။ သွင်း ကုန်ကျဆင်းသည့် ထိုင်းနယ်စပ် ဂိတ်များသည် တာချီလိတ်၊ မြဝ တီ၊ ကော့သောင်း၊ မြိတ်တို့ဖြစ်ပြီး ထီးခီးနယ်စပ်ဂိတ်သည် သွင်း ကုန်တန်ဖိုး ပိုမိုများပြားကြောင်း ဝန်ကြီးဌာနကဆိုသည်။
‘‘အဓိကလျော့ကျတာ တ ရားမဝင် တင်သွင်းတာရယ်၊ ပြည် တွင်းမှာ စီးပွားရေးမကောင်းလို့ မတင်ကြတာလည်း ပါတယ်။ နောက်ပြီး ဒေါ်လာဈေး အတက်၊ အကျကလည်း အရမ်းများတော့ ဘယ်သူမှ ယူမရောင်းချင်ကြ တာ’’ဟု သွင်းကုန်လုပ်ငန်းရှင် ဦးပြည့်စုံကပြောသည်။
 မြန်မာနိုင်ငံ၌ အစိုးရက တရားဝင်ဖွင့်လှစ်ထားသည့် နယ် စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုရှိပြီး ခြောက်လအတွင်း ကုန်သွယ်မှု စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံကျော်ရှိကာ ပို့ကုန်တန်ဖိုး ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံရှိသည်။
၂၀၁၈ ကြားကာလ ဘတ် ဂျက်ဖြစ်သည့် ဧပြီမှ စက်တင်ဘာ အထိ ကုန်သွယ်မှုတန်ဖိုး စုစု ပေါင်းဒေါ်လာ ၁၈ ဘီလီယံရှိပြီး ယမန်နှစ်ကထက် နှစ်ဘီလီယံဖိုး ပိုမိုကုန်သွယ်နိုင်ခဲ့သည်ဟု ဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ကန်ပက်လက်ရောက်မည်ဆိုပြီး ထင်းရှုးပင်များ ခုတ်ထစ်ရှင်းလင်း

October 13, 2018
နိုင်ဝင်ဘာလ (၃) ရက်နေ့တွင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်မှာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဟုဆိုပြီး ထင်းရှုးပင် အများအပြားရှင်းလင်းခုတ်ထစ်ခံရကြောင်း ဒေသခံများက ပြောကြားသည်။
ရဟတ်ယာဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဖြစ်သည့်အတွက်ကြောင့် ရဟတ်ယာဉ်ဆင်းသက်ဖို့ အနှောက်ယှက်မဖြစ်အောင် ဘော်လုံးကွင်းဘေးဝန်းကျင်ရှိထင်းရှုးပင်များကို အခုလိုရှင်းလင်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“ထင်းရှုးပင်တွေ မခုတ်ရင်လည်း ရဟတ်ယာဉ်ကတော့ဆင်းနိုင်မှာပါ၊ တာဝန်ရှိသူများက အတင်းခိုင်းလို့ ခုတ်ရတာပါ၊ အရင်ကလည်း ရဟတ်ယာဉ်ဆင်းဖူးပါတယ်၊ တစ်ပင် နှစ်ပင်လောက်ခုတ်တာတော့ဘာမှ မဖြစ်ပါဘူး၊ အခုတော့ အကုန်လုံးကိုခုတ်ပစ်တာ၊ ထင်းရှုးပင်တွေခုတ်ဖို့စီစဉ်တုန်းကလည်း မြို့ခံတွေကိုအကြောင်းကြားခြင်း မရှိဘူး” လို့ ကန်ပက်လက်မြို့ခံ တစ်ဦးကပြောပြသည်။



ကြားဖြတ်ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်တွင် ကန်ပက်လက်နဲ့ မတူပီမှာ လစ်လပ် မဲဆန္ဒနယ်နှစ်ခုရှိပြီး ယင်းနှစ်နေရာတွင် NLD ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီမှာ ကန်ပက်လက်မြို့သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည်ဟု သတင်းထွက်ရှိနေပါတယ်။

အမျိုးသမီးတစ်ဦးဟာ အချိန် ဘယ်လောက်ကြာအောင် လိင်ဆက်ဆံလိုစိတ်ရှိသလဲ


On October 13, 2018 By mmhtet
သက်ရှိတို့ရဲ့ သဘောသဘာဝအရ လိင်ဆက်ဆံမှုပြုခြင်းဟာ သဘာဝ တရားတခုဖြစ်ပြီး ရှက်စရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အသိဉာဏ်ရှိတဲ့ လူသားတို့ အနေနဲ့တော့ လူမြင်ကွင်းမှာ လုပ်ဆောင်ဖို့ မသင့်တဲ့ စည်းကမ်း သတ်မှတ်ချက်ထားရှိ နေထိုင်ကြပြီး အထူးသဖြင့် ကျနော်တို့ အရှေ့ပိုင်း နိုင်ငံတွေမှာ လိင်မှု ရေးရာကို ပိုမို ထိန်းချုပ် နေထိုင်ကြပါတယ်။ ဒါပေမယ့် အခု ဆောင်းပါးကိုလည်း လိင်ပညာပေးအနေနဲ့ ရေးသားထားတာဖြစ်ပြီး ဗဟုတုတအနေနဲ့ ဖတ်ထားဖို့တော့ ကောင်းပါတယ်။ ဒါကလည်း တခြား နိုင်ငံတွေမှာလို လိင်ပညာပေးမှုက ပြည်တွင်းမှာ အားနည်းလို့ ဖတ်မိတာလေးတွေဝေမျှခြင်း ဖြစ်ပါတယ်။
လိင်ဆက်ဆံမှုနဲ့ ဇီဝသဘောတရား၊ ကိုယ်ခန္ဓာတည်ဆောက်ပုံ၊ ဟော်မုန်းတွေအရ အမျိုးသမီးတွေဟာ လိင်စိတ်ပိုကြီးတယ်လို့ ဆိုကြပါတယ်။ ပြည်တွင်းအနေနဲ့ အဓိကကြည့်ပြီး ပြောရရင် လူငယ်တွေအကြားမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လိင်စိတ် ၈ ဆပိုကြောင်း၊ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှု အချိန် ကြာလေလေ သဘောကျနှစ်သက်ကြောင်း သိထားကြပေမယ့် ဒါက ပျံ့နှံ့လွယ်တဲ့ အကြောင်းအရာတွေဖြစ်ပြီး လက်တွေ့လေ့လာချက်တွေ၊ သတ်မှတ်ချက်တွေ တိတိကျကျတော့ မရှိလှပါဘူး။
ဒါပေမယ့် သက်ရှိတဦးဖြစ်တဲ့ အမျိုးသမီးတွေမှာလည်း အချိန် အတိုင်းအတာတခု၊ အကန့်အသတ်တခုအထိပဲ လိင်ဆန္ဒရှိမှာ အသေအချာပါ။ ဆန္ဒပြီးမြောက်ခြင်းဆိုတဲ့ အနေအထားမှာတော့ ချစ်သူ နှစ်ဦးကြား ကျေနပ်မှုရရှိ အဆင်ပြေမှာလည်း ဖြစ်ပါတယ်။
အခု လေ့လာချက်အသစ်အရတော့ အမျိုးသမီးတွေရဲ့ လိင်ဆက်ဆံမှုအတွက် အချိန် ဘယ်လောက်ကြာ ပျမ်းမျှ အလိုရှိတယ်ဆိုတာကို သိလာရပါတယ်။ အခု လေ့လာချက်ကို လုပ်ဆောင်ခဲ့တာကတော့ Dating Website တခုဖြစ်တဲ့ Saucy Dates ကနေ ဖြစ်ပါတယ်။ Dating Website ဆိုတာကတော့ အလွယ်ပြောရရင် အောင်သွယ်လုပ်ပေးတဲ့ အွန်လိုင်းဝန်ဆောင်မှု တခုပါ။ ဒီ ဝန်ဆောင်မှုလုပ်ငန်းကနေ ကမ္ဘာအနှံ့အပြားက ကျား၊ မ မခွဲဘဲ သူ့ရဲ့ ဖောက်သည် ၄၀၀၀ လောက်ကို မေးခွန်း ၂ ခု မေးပြီး လေ့လာချက်လုပ်ခဲ့တာပါ။ မေးခွန်း ၁ က ဘယ်လောက် အချိန်ကြာကြာ လိင်ဆက်ဆံသလဲ ဆိုတာရယ်၊ မေးခွန်း ၂ က ဘယ်လောက် အချိန်ကြာမှာ လိင်ဆန္ဒပြီးမြောက်ချင်သလဲ ဆိုတာပါပဲ။ တကယ်တော့ မေးခွန်းနှစ်ခုဆိုပေမယ့် လိင်ဆက်ဆံမှု အချိန် ဘယ်လောက်လဲလို့ မေးထားခြင်းတွေပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ သိလာရတဲ့ အဖြေက ပျမ်းမျှအနေနဲ့ အမျိုးသမီးတွေက လိင်ဆက်ဆံမှု တကြိမ်မှာ ၂၅ မိနစ်နဲ့ ၅၁ စက္ကန့်လောက် ယူပါတယ်၊ အမျိုးသားတွေမှာတော့ ၂၅ မိနစ်နဲ့ ၄၃ စက္ကန့်လောက် ပျမ်းမျှ ကြာမြင့်တာ တွေ့ရ ပါတယ်။
ဒါက နိုင်ငံတကာ ဖြေဆိုသူတွေရဲ့ အချိန်အားလုံးကို ပျမ်းမျှ ပြန်တွက်ထားတာဖြစ်ပြီး နိုင်ငံအလိုက်ဆိုရင် အမေရိကန်နိုင်ငံက အမျိုးသားတွေဟာ အခြား နိုင်ငံသားတွေထက် လိင်ဆက်ဆံမှုအချိန် ပိုကြာတာကိုလည်း တွေ့လာရပါတယ်။ အမေရိကန်နိုင်ငံသား အသက် ၃၁ နှစ်အရွယ် အမျိုးသားတဦးဟာ ပျမ်းမျှ လိင်ဆက်ဆံချိန် ၁၇ မိနစ်နဲ့ ၅ စက္ကန့်ကြာပေမယ့် အင်္ဂလန်က အဆိုပါ ၃၁ နှစ်အရွယ် အမျိုးသားကတော့ ၁၆ မိနစ်နဲ့ ၅၈ စက္ကန့်လောက်ပဲ ကြာတာတွေ့ရပါတယ်။
အခုလေ့လာချက်နဲ့ ဆောင်းပါးဟာ Reader Digest လို နာမည်ကျော် မဂ္ဂဇင်းတွေအပြင် New York Post လို သတင်းစာတွေမှာပါ ဖော်ပြထားတာတွေ့ရပြီး လေ့လာချက်ကို ကမ္ဘာ့မီဒီယာ အသိုင်းအဝိုင်းကလည်း လက်ခံ ထားတာ တွေ့ရပါတယ်။ ဒါဆိုရင်တော့ မြန်မာလူငယ်တွေအကြား လိင်ဆက်ဆံမှု အချိန်ကြာလေလေ အဆင်ပြေကောင်းမွန်တယ်ဆိုတဲ့ အသိတခုကို အခြေအမြစ်မရှိဘဲ ယုံကြည်နေမယ့်အစား အခု လေ့လာချက် မှာ သိထားရသလို အမျိုးသမီး တယောက်ဟာ လိင်ဆက်ဆံမှုတကြိမ်မှာ ပျမ်းမျှ ၂၅ မိနစ် ဝန်းကျင်မှာ လိင်ဆန္ဒ ပြီးမြောက် ကျေနပ်တယ်ဆိုတာ ပြောင်းလဲ မှတ်သားထားဖို့တော့ လိုအပ်နေပါပြီ။
www.rd.com တွင်ဖော်ပြထားတဲ့ This is exactly how long women want sex to last ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကို ၂၀၀၄ ခုနှစ်က ဗုံးခွဲတိုက်ခိုက်ခဲ့သူ ၁၉ ဦးကို သေဒဏ်ပေး


လက်ရှိဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကို ၂၀၀၄ ခုနှစ်အတွင်းက ဗုံးခွဲတိုက်ခိုက်ခဲ့မှုမှာ ပါဝင်ခဲ့သူ ၁၉ ဦးကို တရားရုံးက အောက်တိုဘာ ၁၀ ရက်မှာ သေဒဏ် ချမှတ်လိုက်ပါတယ်။
လက်ရှိ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အတိုက်အခံအဖြစ်ရှိစဉ် အဲဒီကာလက လူထုစုရုံးပွဲတစ်ရပ်မှာ မိန့်ခွန်းပြောဆိုစဉ် ဗုံးခွဲတိုက်ခိုက်တာဖြစ်ပြီး ရှိတ်ဟာစီနာဟာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂၀ ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ အဓိကအတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ရက်ရှ်မန်းကို ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပါတယ်။ ရက်ရှ်မန်းဟာ အရင်ဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး ရှိတ်ဟာစီနာရဲ့ မဟာမိတ်ကနေ ယှဉ်ပြိုင်ဖက်အဖြစ် ပြောင်းသွားခဲ့သူ ခါလီဒါဇီယာရဲ့ သားဖြစ်ပါတယ်။
အသက် ၅၀ အရွယ် ရက်ရှ်မန်းဟာ ဒီဗုံးခွဲမှုနဲ့ ပတ်သက်ပြီး စွဲဆိုခံရသူ ၄၉ ဦးမှာ အပါအဝင် ဖြစ်ခဲ့ပြီး ရာဇဝတ်မှုမြောက် ပူးပေါင်းကြံစည်မှုနဲ့ လူသတ်မှု ပုဒ်မတွေနဲ့ စွဲဆိုခံရတာဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်မှာ ရက်ရှ်မန်းဟာ လန်ဒန်ကို ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူ ခါလီဒါဇီယာကို အကျင့်ပျက်ခြစားမှုနဲ့ ဖေဖော်ဝါရီလအတွင်းမှာ ထောင်ဒဏ်ချမှတ်ပြီးနောက်မှာ သားဖြစ်သူ ရက်ရှ်မန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာ အဓိကအတိုက်အခံပါတီကြီးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီကို လက်ရှိမှာ ပြည်ပကနေ ဦးစီးဦးကိုင် ပြုနေတာပဲ ဖြစ်ပါတယ်။
“ဒီတရားရုံးစီရင်ချက်အတွက် ဘုရားသခင်ကို ကျေးဇူတင်ပါတယ်။”လို့ အစိုးရရှေ့နေ မိုရှာရတ်ဟိုစိန်က တင်းကြပ်တဲ့ လုံခြုံရေးတွေကြားက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ မျှော်လင့်တာ ရက်ရှ်မန်းကိုပါ သေဒဏ်ပေးဖို့ကိုပါ။”လို့ ၎င်းက ပြောပြီး တရားရုံးအနေနဲ့ အဲဒီဗုံးခွဲတိုက်ခိုက်မှုကြီးမှာ ရက်ရှ်မန်းက အဓိကအခန်းကဏ္ဍက ပါဝင်တယ်လို့ မှတ်ချက်ပြုခဲ့တာပဲ ဖြစ်တယ်လို့ ဖြည့်စွက်ပြောသွားခဲ့ပါတယ်။