လက်ရှိဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကို ၂၀၀၄ ခုနှစ်အတွင်းက ဗုံးခွဲတိုက်ခိုက်ခဲ့မှုမှာ ပါဝင်ခဲ့သူ ၁၉ ဦးကို တရားရုံးက အောက်တိုဘာ ၁၀ ရက်မှာ သေဒဏ် ချမှတ်လိုက်ပါတယ်။
လက်ရှိ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အတိုက်အခံအဖြစ်ရှိစဉ် အဲဒီကာလက လူထုစုရုံးပွဲတစ်ရပ်မှာ မိန့်ခွန်းပြောဆိုစဉ် ဗုံးခွဲတိုက်ခိုက်တာဖြစ်ပြီး ရှိတ်ဟာစီနာဟာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂၀ ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ အဓိကအတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ရက်ရှ်မန်းကို ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပါတယ်။ ရက်ရှ်မန်းဟာ အရင်ဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး ရှိတ်ဟာစီနာရဲ့ မဟာမိတ်ကနေ ယှဉ်ပြိုင်ဖက်အဖြစ် ပြောင်းသွားခဲ့သူ ခါလီဒါဇီယာရဲ့ သားဖြစ်ပါတယ်။
အသက် ၅၀ အရွယ် ရက်ရှ်မန်းဟာ ဒီဗုံးခွဲမှုနဲ့ ပတ်သက်ပြီး စွဲဆိုခံရသူ ၄၉ ဦးမှာ အပါအဝင် ဖြစ်ခဲ့ပြီး ရာဇဝတ်မှုမြောက် ပူးပေါင်းကြံစည်မှုနဲ့ လူသတ်မှု ပုဒ်မတွေနဲ့ စွဲဆိုခံရတာဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်မှာ ရက်ရှ်မန်းဟာ လန်ဒန်ကို ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူ ခါလီဒါဇီယာကို အကျင့်ပျက်ခြစားမှုနဲ့ ဖေဖော်ဝါရီလအတွင်းမှာ ထောင်ဒဏ်ချမှတ်ပြီးနောက်မှာ သားဖြစ်သူ ရက်ရှ်မန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာ အဓိကအတိုက်အခံပါတီကြီးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီကို လက်ရှိမှာ ပြည်ပကနေ ဦးစီးဦးကိုင် ပြုနေတာပဲ ဖြစ်ပါတယ်။
“ဒီတရားရုံးစီရင်ချက်အတွက် ဘုရားသခင်ကို ကျေးဇူတင်ပါတယ်။”လို့ အစိုးရရှေ့နေ မိုရှာရတ်ဟိုစိန်က တင်းကြပ်တဲ့ လုံခြုံရေးတွေကြားက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ မျှော်လင့်တာ ရက်ရှ်မန်းကိုပါ သေဒဏ်ပေးဖို့ကိုပါ။”လို့ ၎င်းက ပြောပြီး တရားရုံးအနေနဲ့ အဲဒီဗုံးခွဲတိုက်ခိုက်မှုကြီးမှာ ရက်ရှ်မန်းက အဓိကအခန်းကဏ္ဍက ပါဝင်တယ်လို့ မှတ်ချက်ပြုခဲ့တာပဲ ဖြစ်တယ်လို့ ဖြည့်စွက်ပြောသွားခဲ့ပါတယ်။

No comments:
Post a Comment